Mobile Logo
×

၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Published on: Sep 7, 2025 | Category: News
၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို့  ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 နေပြည်တော်၊စက်တင်ဘာလ (၇) ရက်

          ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုချီမင်းမြို့ ပြည်သူ့ရေးရာကော်မတီတို့၏ ဦးဆောင်မှုဖြင့် (၁၉)ကြိမ်မြောက်ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီး သွားပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့မှ (၆)ရက် အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး နှင့်  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးညီညီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ 

          စက်တင်ဘာလ(၃)ရက်က (၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ အထိမ်းအမှတ်ညစာစားပွဲနှင့် Vietnam Night ကို “The Flow of Quintessence” ခေါင်းစဉ်ဖြင့် Thiskyhall Sala Convention Center ၌ ကျင်းပရာ ဗီယက်နမ်နိုင်ငံ၊ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်  H.E. Mr.Nguyen Va Nen၊  ဒုတိယဝန်ကြီးချုပ် H.E. Mr. Mai Van Dhinh နှင့်တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယား နိုင်ငံခရီးသွားဝန်ကြီး၊ ဗီယန်ကျင်းမြို့တော်ပါတီကော်မတီမှ Deputy Secretary၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ ရှန့်ယန်မြူနီစပယ် ပြည်သူ့ အစိုးရ၏ မြို့တော်ဝန်၊ စိန့်ပီတာစဘတ် ပြည်နယ်ညီလာခံနှင့် ပြပွဲများကျင်းပရေးဗျူရိုမှ တာဝန် ရှိသူများ၊ Tourism Promotion Organisation - TPO အဖွဲ့ဝင်မြို့များမှတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          စက်တင်ဘာလ၄ရက် နံနက်ပိုင်းက (၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွား ပြပွဲ  ဖွင့်ပွဲအခမ်းအနားကို Saigon Exhibition Convention Center- SECC  Exhibition Hall ၌ ကျင်းပခဲ့ပြီး Tourism Promotion Organisation -TPO General Assembly High-Level Tourism Forumကို ဆက်လက်ကျင်းရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင် သည့်ကိုယ်စားလှယ် အဖွဲ့များတက်ရောက်ခဲ့ကြသည်။

ဖိုရမ်အပြီးတွင် ဒုတိယဝန်ကြီးသည် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ Tourism Authority of Thailand-TAT ၏ Governor နှင့်တွေ့ဆုံ၍  နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် (၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ခင်းကျင်းပြသထားသည့် ခရီးသွားပြခန်းများနှင့် ခရီးစဉ်များ ချိတ်ဆက်ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

          ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ၊ ခရီးသွားဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြပွဲသို့ နိုင်ငံပေါင်း(၃၀)မှ ခရီးသွားအာဏာပိုင် အဖွဲ့အစည်းများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ နည်းပညာကုမ္ပဏီများမှ ပြခန်းပေါင်း(၅၂၀) ကျော်ခင်းကျင်းပြသခဲ့ကြသည်။

စက်တင်ဘာ(၅)ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ခရီးသွားလုပ်ငန်း ဆွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

Source From:MyanmarAlin

Scroll to top