မွန်
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၊ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး သဘာဝအလှအပများ၊ ဘုရားပုထိုး စေတီများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများ၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နက်နေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်သည် ပင်လယ်နှင့် နီးကပ်စွာ တည်ရှိ၍ အပူပိုင်းရာသီဥတုရှိပါသည်။ မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆.၂၉၊ အရှေ့ လောင်ဂျီတွဒ် ၉၇.၃၈၊ တွင် တည်ရှိပြီး၊ ပြည်နယ်ရုံးများစိုက်ရာမြို့ဖြစ်သည်။ ဧရိယာ ၈၄.၄၈ စတုရန်မိုင်ကျယ်၀န်းပြီး ရပ်ကွက်(၂၈) ရပ်ကွက် ကျေးရွာအုပ်စု(၁၃)စု ကျေးရွာပေါင်း(၃၂)ရွာ ဖြင့် ဖွဲ့စည်းထားပါသည်။ မော်လမြိုင်မြို့သို့ မော်တော်ကား၊ မီးရထား၊ လေယာဉ်တို့ဖြင့် လွယ်ကူစွာ လာရောက်နိုင်ပါသည်။ မော်လမြိုင်မြို့မှ အခြားမြို့များသို့ တိုက်ရိုက်သွားရောက်နိုင်သဖြင့် မော်လမြိုင်မြို့သည် ခရီးလမ်းဆုံမြို့လည်းဖြစ် သည်။ မော်လမြိုင်မြို့တွင် ထင်ရှားကျော်ကြားသော ဘုရားစေတီများမှာ ကျိုက်သလ္လံစေတီ၊ ကျိုက်သုတ်စေတီ၊ မဟာမြတ်မုနိဘုရား၊ ရွှေဗျိုင်းဖြူစေတီ၊ တောင်ဝိုင်းဘုရားစသည့်တို့အပြင် တောင်ရိုးတန်းတစ်လျှောက် ဘုရားစေတီများစွာကို ဖူးတွေ့နိုင်ပါသည်။
အခြေခံအချက်အလက်များ
မျိုးရိုး - မွန်၊ ဗမာ၊ အန်ဂလို-ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ဗမာ-ထိုင်း။
ဘာသာစကား - မွန်၊ ကရင်၊ ဗမာ။
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ။
မြေမျက်နှာသွင်ပြင်
ရာသီဥတု - အပူပိုင်းရာသီဥတု။
နယ်နိမိတ် - ကချင်ပြည်နယ်၊ ကပ္ပလီပင်လယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိုင်းနိုင်ငံ။
အကျယ်အဝန်း - ၁၂၂၉၆.၆စတုရန်းကီလိုမီတာ (သို့) ၄၇၄၇.၇စတုရန်းမိုင်။
ထူးခြားမှုများ
မြို့တော် - မော်လမြိုင်(မွန်လူမျိုးများနေထိုင်ရာဒေသ)။ လူဦးရေစုစုပေါင်း ၂.၀၅သန်း။
မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော စေတီပုထိုးများစွာရှိပါသည်။ ကျိုက်ထီးရိုးဘုရားသည် မွန်ပြည်နယ်တွင် တည်ရှိပါသည်။ စေတီတော်ရဲ့ဉာဏ်တော်မှာ (၃၂ပေ၅ လက်မ) မြင့်ပြီး နက်ရှိုင်းသည့်ချောက်ကမ်းပါးကြီးမှ သီးခြားထိုးထွက်နေသည့် ကျောက်ဆောင်ကြီးပေါ်တွင် တည်ထား ခြင်းဖြစ်ပြီး ၎င်းကျောက်ဆောင်ကြီးသည် မညီမညာဖြစ်နေရုံသာမက ခပ်ခုံးခုံးပုံသဏ္ဍာန် ကျောက်တုံးကြီးမှာနိမ့်လျောနေသည့် အစွန်းမှ အပြင်ဘက်သို့ ထိုးထွက်ကာချောက်ထဲသို့ ကျလုဆဲဆဲ မေးတင်လျက်ရှိနေပါသည်။ မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးဝင်းစိန်တောရလျောင်းတော်မူ ဘုရားကြီး သည် အမြင့်ပေ၃၀မီတာ နှင့် ၁၈၀မီတာရှည်လျားပြီး နှစ်စဉ်နှစ်တိုင်း ခရီးသွားဧည့်သည်များကို ဆွဲဆောင် လျက်ရှိပါသည်။ ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီးသည် ကျောက်တစ်လုံးတောင် ၏ ညာဘက် မျက်နှာ ချင်းဆိုင်တွင်တည်ရှိပါသည်။ ကျိုက်ပေါလောဘုရားသည်လည်း ဘုရား၏ မျက်နှာတော်ပေါ်တွင် မှဲ့ရှိနေခြင်းကြောင့်နာမည်ကြီးလှပါသည်။ ရွှေစာရံဘုရားသည် ဂေါတမ မြတ်စွာဘုရား၏ဆံတော် (၈)မျှင် စွယ်တော်(၄)ဆူဌာပနာထားသော ဘုရားတစ်ဆူဖြစ်ပါသည်။ ပိဋကတ်(၃)ပုံဌာပနာထားသော ကျိုက်သလ္လံဘုရားမှာလည်း ထင်ရှားကျော်ကြားလှပါသည်။
မော်လမြိုင်မြို့သည် မွန်ပြည်နယ် ရဲ့ မြို့တော်ဖြစ်သည်။ မော်လမြိုင်မြို့တွင် ထင်ရှားကျော်ကြား သော ဘုရားစေတီများမှာ ကျိုက်သလ္လံစေတီ၊ ကျိုက်သုတ်စေတီ၊ မဟာမြတ်မုနိဘုရား၊ ရွှေဗျိုင်းဖြူ စေတီ၊ တောင်ဝိုင်းဘုရားစသည့်တို့အပြင် တောင်ရိုးတန်းတစ်လျှောက် ဘုရားစေတီများစွာကို ဖူးမြော်နိုင်ပါသည်။ မော်လမြိုင်ကမ်းနားလမ်းသည် အပန်းဖြေသူများ စိတ်ကြိုက်နေရာတစ်ခုဖြစ်ပြီး ညစျေးတန်း သည် ပွဲတော်တမျှနေ့စဉ် စည်ကားလျက်ရှိပါသည်။ မော်လမြိုင်မြို့တွင် သံလွင်မြစ် ကူးတံတား (မော်လမြိုင်) ၊ အတ္ထရံတံတား၊ ဗိုလ်ချုပ်အောင်ဆန်းတံတား၊ ဆွမ်း အုပ်အဝိုင်း၊ ဟင်္သာအဝိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းခြွေခဲ့သော မောရ၀တီပန်းခြံ၊သံလွင်ဥယျာဉ်ပန်းခြံ၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ကိုလိုနီခေတ်အဆောက်အဦ၊ ပထမနှစ်ခြင်းအသင်းတော်၊ စိန်တုံးမိဘုရား၏အုတ်ဂူ၊ စတုတ္တမင်းသမီးနှင့် ၎င်း၏သားတော် သမီးတော်တို့၏အုတ်ဂူစသည့် ရှေးဟောင်းအဆောက်အဦများကိုလေ့လာနိုင်ပါသည်။ကျိုက်ခမီအပန်းဖြေစခန်းရှိ ကျိုက်ခမီရေလည်ဘုရား၊ ၁၄၄၅ခုနှစ် တွင်ဘုရင်မရှင်စောပုတည်ထားခဲ့သော ကျိုက်မရောဘုရား တို့ကိုလည်း မဖြစ်မနေသွားရောက် ဖူးမျှော်သင့်ပေသည်။ သုဝဏ္ဏဘူမ္မိခေါ် သထုံမြို့သည်လည်း မြန်မာ့သမိုင်းတွင် အရေးပါသောမြို့ ဖြစ်သည့်အပြင် လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ခန့်က ထေရဝါဒဗုဒ္ဓ ဘာသာ စတင်ထွန်းကားရာ နေရာလည်းဖြစ်ပေသည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်းတွင် တည်ရှိပြီးလှပသော ကမ်းခြေများနှင့် ကျွန်းများတည်ရှိရာ ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည်။ ကျိုက်ခမီရေလည်ဘုရားရှိရာ ကျိုက်ခမီ ကမ်းရိုးတန်းမြို့လေးသည်လည်း လည်ပတ်ချင်စဖွယ်ကောင်းလှသည်။ ကျိုက်ခမီမြို့ ၏တောင်ဘက် ၂၄ကီလိုမီတာအကွာရှိ စက်စဲကမ်းခြေသည် y ပုံသဏ္ဍာန် ပင်လယ်ကဗွီးပင်များ၊ အညိုရောင်သဲများ ဖြင့် လှပသောကမ်းခြေတစ်ခု ဖြစ်သည်။ ခရီးသွားဧည့်သည်များ အနေဖြင့် ဒေသခံဈေးသည်များ ရောင်းချသော အုန်းရည်လတ်လတ်ဆတ်ဆတ်ကိုသောက်ရင်း သဘာဝ အလှအပကိုခံစားနိုင်သည်။ မော်လမြိုင်မြို့နှင့်ကပ်ရပ်ရှိဘီလူးကျွန်းတွင် ရှေးယခင်ကဘီလူးများ နှင့်ပတ်သက်သောပုံပြင်များ ရှိခဲ့သည်။ ထိုပုံပြင်များကို နွေးထွေးဖော်ရွေလှသည့်ဒေသခံများဆီမှ နားထောင်ရင်း အမျိုးမျိုးသော အတွေ့အကြုံများကို ခံစားနိုင်သည်။ တစ်ဖန်မော်လမြိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ခေါင်းဆေး ကျွန်းတွင် ခရီးသွားဧည့်သည်များအနေဖြင့် တစ်ရက်တာ အပန်းဖြေအနားယူနိုင်သည်။