Mobile Logo
×

နေပြည်တော်

နေပြည်တော်

နေပြည်တော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းအများစုမှာ ယခင်မြို့တော်ဟောင်း ရန်ကုန်တွင်ရှိနေသော်လည်း ၂၀၀၆ခုနှစ်တွင် နေပြည် တော်အား မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေ အဖြစ် စီမံခန့်ခွဲအုပ်ချုပ်သည်။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိသည် သာမကဘဲ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကဲ့သို့သော အရေးပါသည့် ပြည်နယ်များနှင့် နီးကပ်စွာတည်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် ဒေသကြီးတစ်ခုလုံး သည် လျှင်မြန်စွာပင် တိုးတက်လာခဲ့သည်။ ခရီးသွားဧည့်သည်များက ယာဉ်ကြောပိတ်ဆို့ခြင်းများ ကင်းရှင်းစေသည့် ကြီးမားကျယ်ပြန့်သော လမ်းများကို နှစ်သက်ပါသည်။ နေပြည်တော်မှာ နိုင်ငံတော် အဆင့် အစည်းအဝေးများ၊ ချစ်ကြည်ရေးခရီးစဉ်များ၊ ညီလာခံများနှင့် ပြပွဲများကျင်းပရန်အတွက် နိုင်ငံ၏ အချက်အချာကျသည့် မြို့တော်ဖြစ်သည်။ VIP ဧည့်သည်များအား ဧည့်ခံနိုင်သည့် အပန်းဖြေ အနားယူနိုင်သော နိုင်ငံတကာအဆင့်ဇိမ်ခံပစ္စည်းများဖြင့် ပြင်ဆင်ထားသော ဝန်ဆောင်မှုများ ပါရှိ သည့် ဟိုတယ် အလုံးပေါင်း ၅၀ ကျော်ရှိပါသည်။ နိုင်ငံတော်အဆင့် ဂုဏ်ပြုဧည့်ခံပွဲများ၊ ညီလာခံ များအား ကျင်းပနိုင် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၂)ခု လည်းရှိသည်။ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum East Asia) ၊ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ (ASEAN Summit) ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) တို့ကဲ့သို့ ထင်ရှားသည့် အခမ်းအနားများကို နေပြည်တော်၌ပင် အောင်မြင်စွာ ကျင်းပခဲ့ပါ သည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ရင်သပ်ရှုမောဖွယ်ကောင်းသော သဘာဝရှူမျော်ခင်းများ၊ အပန်းဖြေဥယျာဉ်များ၊ ဘုရားစေတီများ ၊ ပြတိုက်များရှိသော မြို့တော်တစ်ခု ဖြစ်ပါသည်။

အခြေခံအချက်အလက်များ

·      လူမျိုးစုများ – မြန်မာ၊ ကရင်၊ ချင်း

·      ဘာသာစကား – ဗမာ၊ ချင်း၊

·      ယုံကြည်ကိုးကွယ်မှု – ထေရဝါဒဗုဒ္ဓဘာသာ၊ ခရစ်စယာန်

မြေမျက်နှာသွင်ပြင်

·      ရာသီဥတု – နွေ၊ မိုး၊ ဆောင်း

·      နယ်နိမိတ်ထိစပ်မှုများ – မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်

·      အကျယ်အဝန်း – ၇,၀၅၄,၃၇ စတုရန်းကီလိုမီတာ ၂,၇၂၃,၇၁ စတုရန်းမိုင်

ထူးခြားမှုများ

·      မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ခြင်း

·      အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာရုံးချုပ်များ အခြေစိုက်သည့် မြို့တော်ဖြစ်ခြင်း

·      ၂၀၁၄ ခုနှစ်စစ်တမ်းကောက်ယူမှုအရ လူဦးရေ (၉၂၄,၆၀၈) ရှိခြင်း

Gallery

ခမ်းနားလှသည့် အစိုးရ အဆောက်အအုံများ

မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ နေပြည်တော်တွင် ခမ်းနားလှသည့် အစိုးရ အဆောက် အအုံများ ရှိပါသည်။ လွှတ်တော်အဆောက်အအုံသည် မြန်မာရိုးရာယဉ်ကျေးမှုများနှင့် ခြယ်မှုန်းထား ပြီး မြန်မာ့ရိုးရာဗိသုကာလက်ရာများနှင့် တည်ဆောက်ထားသည်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ရုံးချုပ်ဖြစ်သည့် မြို့တော်၏မြို့တော်ခန်းမသည် ထင်ရှားသည့် အထိမ်းအမှတ် အဆောက် အအုံတစ်ခုလည်းဖြစ်သည်။ ခမ်းနားကြီးကျယ်သော မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်း ရှင်းစင်တာ (၂)ခုမှာလည်း ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ် အရှေ့အာရှ( World Economic Forum East Asia) ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) များအပါအဝင် အဆင့်မြင့်အခမ်းအနားများကို ကျင်းပခဲ့ပါသည်။ ထို့ အပြင် နေပြည်တော်တွင် တရားရုံးချုပ်၊ သမ္မတအိမ်တော်နှင့် အခြားအစိုးရဌာနရုံးချုပ်များလည်း ရှိပါသည်။

လှပသောရှုမျှော်ခင်းများ

လှပသောရှုမျှော်ခင်းများ

နေပြည်တော်သည် ပဲခူးရိုးမနှင့် ရှမ်းရိုးမတောင်တန်းများအကြား တည်ရှိရာလွင်ပြင်တစ်ခု၌ တည်ရှိ ပြီး ကမ္ဘာပေါ်တွင် အစိမ်းရောင်မြို့တစ်မြို့လည်းဖြစ်ပါသည်။ လူဦးရေနည်းပါးသဖြင့် လူနေ သိပ်သည်းမှုနည်းပါးကာ လေကောင်းလေသန့်ရရှိ၍ ဆူညံသံနည်းပါးသည့် မြို့တစ်မြို့ဖြစ်ပါသည်။ တစ်မြို့လုံးမှာ သိသာစွာစိမ်းစိုလှပနေပြီး မြို့တော်ကိုစိမ်းလန်းသာယာစေမည့် ဥယျာဉ်ပန်းခြံများစွာ လည်းရှိသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့အား ပုံစံငယ်ဖြင့် တည်ဆောက် ပြသထားသည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် ထင်ရှားသော ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်ပါသည်။  တိရစ္ဆာန်ဥယျာဉ်မှာ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ရုံများတွင် အကြီးဆုံးဖြစ်ပါသည်။ မြေဧက ၅၀၀ ပေါ်တွင်တည်ဆောက်ထားပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၈၁ စုမှ ကောင်ရေ ၄၃၀ ကိုလည်း တွေ့နိုင်သည်။ ဆွဲဆောင်မှုရှိသော စတီးမုခ်ဦးဝင်ပေါက်နှင့် အတွင်းတွင် ရေကန်ငယ်များ၊ ရေပန်း များရှိသည့် ရေပန်းဥယျာဉ်မှာလည်း သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါသည်။ နက္ခတ္တဗေဒကိုစိတ်ဝင်စားသောသူများသည်လည်း နက္ခတ်တာရာပြခန်းသို့ သွားရောက်လည်ပတ်၍ စကြာဝဠာဆိုင်ရာဖြစ်စဉ် ဗဟုသုတများကိုလေ့လာနိုင်ပါသည်။ နေပြည်တော်တွင် သဘာဝအလှ တရားများကို ထိန်းသိမ်းကာလှပစွာတည်ဆောက်ထားသော (၁၈) ကျင်းဂေါက်ကွင်းလည်း ရှိပါ သည်။

ယဉ်ကျေးမှု အထိမ်းအမှတ် အဆောက်အအုံများနှင့်ပြတိုက်များ

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်သာမက ယဉ်ကျေးမှု ဆိုင်ရာ ဒေသလည်းဖြစ်ပါသည်။

 ကြည်ညိုဖွယ်ဘုရားစေတီမြောက်မြားစွာလည်းရှိသည်။ ဉာဏ်တော် အမြင့် ၁၀၀ မီတာရှိသော ဥပ္ပါတသန္တိစေတီတော်သည်လည်းနေပြည်တော်တွင် ထင်ရှားသော နေရာ တစ်ခု ဖြစ်ပေသည်။ ဘုရားခြေတော်ရင်းတွင် ဆင်ဖြူတော်ကိန်းဝပ်ရာ ဆင်ဖြူတော် တင်းကုပ် ရှိပါသည်။ ဆင်ဖြူရတနာများက ကံကောင်းခြင်း၊ ငြိမ်းချမ်းမှုနှင့် စည်းစိမ်ဥစ္စာများကို ဆောင်ယူ လာကြသည်ဟု ဒေသခံများက ယုံကြည်ကြပါသည်။ 

နေပြည်တော်တွင်ပြတိုက်များလည်းရှိပါသည်။ ထင်ရှားသော ပြတိုက်တစ်ခုမှာ အမျိုးသားပြတိုက်ဖြစ်ပြီး အဆောက်အအုံ (၅) ခုဖြင့် ဖွဲ့စည်း တည်ဆောက်ထား ပါသည်။ ပြတိုက်ငယ်တစ်ခု၊ အရေးကြီးပုဂ္ဂိုလ်များ နားနေရန်နေရာ၊ သမ္မတကြီး၏ လက်ဆောင် ပဏ္ဍာပြခန်း၊ ပစ္စည်းများပြသထားသည့် နေရာများပါဝင်ပါသည်။ 

တပ်မတော် စစ်သမိုင်းပြတိုက်သည် လည်း သွားရောက်လည်ပတ်သင့်သော နေရာတစ်ခုဖြစ်သည်။ ရှမ်းရိုးမ တောင်တန်းကြီး၏ အလှ တရားများကိုနောက်ခံထားကာ ကျယ်ပြန့်သောမြေနေရာတွင် ခမ်းနားစွာ တည်ဆောက်ထားခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော်၏ရုန်းကန်ခဲ့ရပုံနှင့်အောင်မြင်မှုရရှိခဲ့ပုံများကို သိရှိနိုင်ပါသည်။

မြို့တော်ခန်းမ

နေပြည်တော်မြို့တော်ခန်းမသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး တည်ရှိရာနေရာ ဖြစ်၍ မြို့ထင်ရှားသည့် အဆောက်အဦးလည်း ဖြစ်ပါသည်။ အရေးကြီးသော နိုင်ငံတော်အဆင့် အခမ်းအနားများကျင်းပရာတွင် နိုင်ငံတော်သံစုံတီးဝိုင်းက မြို့တော်ခန်းမအတွင်းမှ နိုင်ငံတော် သီချင်းကို တီးမှုတ်ပေးသည်။ မြို့တော်ခန်းမကြီး၏အမိုးကို မြန်မာ့မူဟန်မပျက် တည်ဆောက်ထား ပြီး အတွင်းဖက်တွင်လည်း လှပသောဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ခန်းမကြီး ၏နောက်ကျောဖက်တွင်လည်း ကစားကွင်းနှင့်ရေပန်းများပါဝင်သည့် ဥယျာဉ်တစ်ခုရှိသည်။

မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန

မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ခုမှာ မြို့တော်၏ထင်ရှားသည့် အမှတ် အသား ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်အရှေ့အာရှနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် အပါ အဝင် ကြီးမား သည့် နိုင်ငံတကာအခမ်းအနားများကို ကျင်းပခဲ့ပါသည်။ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန (၁) တွင် အဓိကခန်းမကြီး (၂) ခု၊ အစည်းအဝေးခန်းမ(၃၃) ခုနှင့် အရံခန်းမ (၄၀) ပါရှိပြီး စတုရန်းမီတာ ၆၀၀၀ ကျော်ရှိပါသည်။ ယင်းအဆောက်အအုံကို ၂၀၁၄ တွင် ဖွင့်လှစ် ခဲ့ပြီး အပြည်ပြည် ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ကို ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ရေပန်းဥယျာဉ်

ရေပန်းဥယျာဉ်သည် နေပြည်တော်၏ နောက်ထပ်ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်ပါသည်။ လာ ရောက်လည်ပတ်သူများကို ဖမ်းစားနိုင်သည့် သံမဏိဖြင့်ပြုလုပ်ထားသော မုခ်ဦးဝင်ပေါက် တစ်ခု ရှိပါသည်။ ၎င်းအပြင်ရေပန်း (၃)ခုပါရှိသည့် ရေကန်ကြီးတစ်ကန် ၊ မတူညီကွဲပြားသည့် ရေပန်း (၁၃) ခုပါဝင်သည့်ရေကန်ငယ်(၁၁)ကန် လည်းရှိပါသည်။ ရေပန်းဥယျာဉ်အတွင်းတွင် အခြားသော ဖျော် ဖြေမှုများကိုလည်း ကြည့်ရှုခံစားနိုင်ပါသည်။

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် မြန်မာနိုင်ငံရှိပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ပုံစံငယ် များကို တည်ဆောက်ထားပြီး ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာအနီးရှိ မြေဧက (၄၀၀) ပေါ် တွင်တည်ရှိပါသည်။ အဆိုပါဥယျာဉ်၌ မြန်မာနိုင်ငံ၏လူသိများအကျော်ကြားဆုံး ဆွဲဆောင်မှုများ ဖြစ်သည့် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်၊ ရခိုင်ပြည်နယ်ရှိငပလီကမ်းခြေနှင့် ရှမ်းပြည်နယ်ရှိ အင်း လေး ကန်တို့၏ပုံစံငယ်များကိုပြသထားပါသည်။ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် မြန်မာတိုင်း ရင်းသား လူမျိုးများအကြောင်း လေ့လာနိုင်ရန်အတွက် အထူးကောင်းမွန်သော နေရာတစ်ခုဖြစ် ပါသည်။

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သည် မြန်မာနိုင်ငံရှိတိရစ္ဆာန်ဥယျာဉ်များထဲတွင် အကြီးမားဆုံး ဖြစ် ပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းဘေးတွင်ရှိပြီး မြေဧက(၅၀၀) ပေါ်တွင် တိရစ္ဆာန် မျိုးစိတ်ပေါင်း ၈၁ စု မှ ကောင်ရေ (၄၃၀) ခန့်ရှိပါသည်။ မြန်မာနိုင်ငံတွင်းရှိ တိရစ္ဆာန်များအပြင် နိုင်ငံခြားတိုင်းပြည်များမှ ပင်ကွင်း၊ သားပိုက်ကောင်စသည့် တိရစ္ဆာန်များကိုလည်းပြသထားပါသည်။ ထင်ရှားသည့် ဆွဲဆောင်မှုများအနက် ကျားဖြူတစ်ကောင်မှာလည်း ဆွဲဆောင်မှုတစ်ခုဖြစ်ပါသည်။

 

ထူးခြားဆန်းပြားသည့် တောရိုင်းတိရစ္ဆာန်များကိုကြည့်ရှု့ရန် စိတ်ဝင်စားသော ခရီးသွား ဧည့်သည် များအနေဖြင့် ဆင်ဖြူတော်တင်းကုပ်သို့ သွားရောက်လေ့လာနိုင်ပါသည်။ ဥပ္ပါတသန္တိ စေတီတော်၏ ခြေတော်ရင်းတွင် နေပြည်တော်ရှိဆင်ဖြူတော်များ ကျင်လည်ကျက်စားရန် ဥယျာဉ် တင်းကုပ်ရှိ ပါသည်။ မြန်မာလူမျိုးတို့အနေဖြင့် ဆင်ဖြူတော်သည်ကံကောင်းမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝ ချမ်းသာမှု များကို ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြပါသည်။ ဆင်ဖြူတော်တင်းကုပ်အား မြန်မာ့ရိုးရာ ဗိသု ကာပုံစံများနှင့် တည်ဆောက်ထားပြီး စိမ်းစိုနေသောမြက်ခင်းပြင်များနှင့် ကြည့်ရှုစရာနေရာများ လည်းပါရှိပါသည်။

သတ္တသတ္တာဟမဟာဗောဓိစေတီတော်

သတ္တသတ္တာဟမဟာဗောဓိစေတီတော်သည် အမြင့်ပေ (၁၆၂) ပေမြင့်၍ အိန္ဒိယနိုင်ငံရှိ မြတ်စွာ ဘုရား သဗ္ဗေညုတဉာဏ်တော်ကို ရရှိခဲ့သည့် ဗုဒ္ဓဂါယာနှင့် ပုံစံတူစေတီတော်တစ်ဆူဖြစ်ပါသည်။ ပုဗ္ဗသီရိမြို့ အတွင်းရှိ ဥတ္တရရန်သီတောင်ကုန်းပေါ်တွင်တည်ထားကိုးကွယ်ထားပါသည်။ နေပြည်တော်မှ ကား မောင်း၍သွားလျှင် (၁၀) မိနစ်မှ မိနစ် (၂၀)ခန့်သာကြာမြင့်ပြီး လည်ပတ်ရန် ကောင်းသောနေရာဖြစ် ပါသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း

ဝဏ္ဏသိဒ္ဓိအားကစားကွင်းသည် ခေတ်မှီအားကစားခန်းမနှင့် ရေကူးကန်တို့ပါဝင်၍ ဘက်စုံသုံး နိုင်ငံတကာအဆင့်မီအားကစားကွင်းတစ်ခုဖြစ်ပါသည်။ ဘဲဥပုံစံရှိသောအားကစားကွင်းမှာ ပရိသတ် (၃၀၀၀၀) ဆန့်၍ ကြမ်းပြင်ဧရိယာမှာ (၄၄၀၀၀) စတုရန်းမီတာရှိပါသည်။ ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများနှင့်၂၀၁၄ ခုနှစ်၊ အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲများကိုကျင်းပခဲ့ကြပါသည်။

Scroll to top